အတွေးတချက်

တခါတုန်းက စီးပွားရေး လုပ်ငန်းရှင် တယောက်ဟာ လမ်းဘေးမှာ ခဲတံလေးတွေ ရောင်းပြီး ငွေတောင်းနေတဲ့ လူတယောက်ရဲ့ ခွက်ထဲကို ပိုက်ဆံတစ်ဒေါ်လာ ထည့်လိုက်ပါတယ် ။ ပြီးတော့ သုတ်သီးသုတ်ပျာနဲ့ ရထားပေါ် ကို ပြေးတက်သွား ခဲ့ပါတယ် ။

နောက်မှ သတိရပြီး ရထားပေါ်က ပြန်ဆင်းလာကာ စောစောက သူငွေထည့်ပေးခဲ့တဲ့ သူဆီ ပြန်သွားပြီး ခွက်ထဲက ခဲတံတစ်ချောင်းကို နှိုက်ယူလိုက် ပါတယ် ။ ပြီးတော့ သူက အလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံယူဖို့ မေ့သွားတယ်လို့ ပြုံးပြပြီး ပြောပါတယ် ။ နောက်ပြီး သူက ငွေတောင်းနေသူကို ပြောတယ် ။

” ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပဲလေ ။ ခင်ဗျားမှာ ရောင်းစရာတွေ ရှိနေပြီး ဒါတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းသတ် မှတ်ထားတာပဲ မဟုတ်လား ။ ကြိုးစားပါ ” လို့ ပြောပြီး ရထားပေါ် တက်သွားခဲ့ပါတယ် ။

အချိန်တခု ကြာတဲ့အခါ လူမှုရေး ပွဲလမ်းသဘင် တစ်ခုမှာ သားသားနားနား ဝတ်စားထားတဲ့ သူတယောက်က စီးပွားရေး လုပ်ငန်းရှင်ကြီးထံလာပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ် ။

” ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပေမယ့်.. ခင်ဗျားကို ကျွန်တော် ဘယ်တော့မှာ မေ့မှာမဟုတ်ပါဘူး ။ ခင်ဗျားနဲ့ မတွေ့မီ အချိန်အထိ ကျွန်တော်ဟာ ခဲတံလေးတွေ ရောင်းတဲ့ သူတောင်းစား တယောက်ပါပဲ ။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို စီးပွားရေး လုပ်ငန်းရှင်ပဲ လို့ ပြောသွားခဲ့တဲ့ အချိန်က စပြီး၊ ကျွန်တော်ဟာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သွားတယ် ” လို့ ပြောခဲ့ပါတယ် ။

သူဟာ သူ့ကိုယ်သူ သူတောင်းစားပဲ လို့ တွေးတောထားတဲ့ အမြင်ကနေ ရုတ်တရက် စကားတခွန်းကြောင့် သူ့အတွေးတွေ ပြောင်းသွားတယ် ။ သူ့ကိုယ်သူ အဲ့ဒီအချိန်ကစပြီး သူဟာ စီးပွားရေး လုပ်ငန်းရှင် တယောက်ပဲ လို့ တွေးတော ခဲ့တယ် ။ စီးပွားရေး လုပ်ငန်းရှင် တယောက်လို စတင်ပီး ကျင့်သုံး ပြုမူ ခဲ့တယ် ။ သူအတွေးတွေဟာ သူ့ဘဝရဲ့ ပဲ့တင်သံတွေ ပါပဲ ။

မိမိအတွေး ပုံရိပ်ထဲမှာ ” ငါဟာ သူတောင်းစားပဲ ” လို့ တွေးပါ များရင် ” ငါဟာ သူတောင်းစားပဲ ” ဆိုတဲ့အသံသာ အထပ်ထပ် ပြန်ကြားနေရ မှာပါ ။ ” ငါဟာ လုပ်ငန်းရှင်ပဲ ” လို့ တွေးလိုက်တာနဲ့ ” ငါဟာ လုပ်ငန်းရှင်ပဲ ” ဆိုတဲ့ အတွေး ပဲ့တင်သံ ပြန်လာမှာ အသေအချာ ပါပဲ ။

နောက်ပြီး ဒီပုံပြင်လေးထဲက စီးပွားရေး လုပ်ငန်းရှင်ကြီးလို သင်လည်း သူတပါးကို အကောင်းမြင်ပြီး စိတ်ခွန်အားဖြစ်စေမယ့် စကားလုံးတွေနဲ့ ကူညီနိုင် ပါတယ် ။

လူတွေရဲ့ ခန္ဒာကိုယ်ထဲမှာ ပါရမီတွေ ၊ အစွမ်းအစတွေ ကိုယ်စီ ရှိနေကြပါတယ် ။ ဒါတွေကို သင်က နှိုးဆွပေးလိုက်ရုံနဲ့ သူ့ကိုယ်ထဲက အစွမ်းအစတွေဟာ ငြိမ်မနေနိုင်ပဲ စွမ်းအားတွေအဖြစ် ထွက်ပေါ်ကာ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေ နိုင်ပါသေးတယ် ။

ဒီလိုနည်းနဲ့ သင်က လူတွေရဲ့ ဘဝတွေကို တိုးတက် အောင်မြင်သွားအောင် စေတနာ စိတ်ဓာတ် အပြည့်နဲ့ ကူညီပေးမယ် ဆိုရင် သင့်ကူညီမှုရဲ့ ပဲ့တင်သံတွေဟာ သင့်ထံကို ပြန်လာမှာ မလွဲမသွေ ပါပဲ ။

တခြားသူတွေရဲ့ဘဝကို မြှင့်တင်ပေးခြင်းအားဖြင့် သင်ကိုယ်တိုင်လည်း သေချာပေါက် တိုးတက် အောင်မြင်လာမှာ ဖြစ်တယ် ဆိုတာ အာမခံပါတယ် ။သင်ပြုတဲ့ကံ ပဲ့တင်သံ သင့်ထံ ပြန်လာမှာပဲ ဖြစ်ပါတယ် ။

မူရင်းရေးသားသူကိုလေးစားတန်ဖိုးထားလျှက်

Leave a Reply

Your email address will not be published. Required fields are marked *