News

အိမ်စာ အနံ့ရရင် ဓာတ်မတည့်မှုတွေဖြစ်တတ်ကြောင်း ငိုကြွေးကာ ပြောဆိုနေခဲ့တဲ့ ကောင်လေးအဖြစ်

Written by admin

မိဘတွေဟာ ကလေးတွေအိမ်စာလုပ်ဖို့ကို အတော်လေး ဖိအားပေးကြရပါတယ် ။ အချို့သော ကလေးတွေဆို အိမ်စာမလုပ်ချင်လို့ ဂျီကျကြသလို ၊ အချို့ဆိုရင် လွယ်အိတ်ပျောက်သွားတာ ၊ စာအုပ်ပျောက်သွားတာဆိုပြီး မျိုးစုံ ဉာဏ်ဆင်ကာ ရှောင်သွားတတ်ကြပါတယ် ။ သို့်ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက ကလေးတစ်ယောက်ရဲ့ အိမ်စာမလုပ်ချင်ဘူးဆိုပြီး ဇာတ်လမ်းဆင်ခဲ့တဲ့အဖြစ်က လူအတော်အများကို ရယ်မောစေခဲ့ပါတယ် ။

.

အဆိုပါ 11 နှစ်အရွယ်ကောင်လေးဟာ မိခင်ဖြစ်သူနဲ့အတူ အိမ်စာလုပ်နေရင်း ရုတ်တရက်နေမကောင်းသလိုဖြစ်လာပြီး ၊ တစ်သျူးယူကာ နှာခေါင်းကို သုတ်နေခဲ့ပါတယ် ။သားဖြစ်သူရဲ့ ပုံမှန်မဟုတ်တဲ့အဖြစ်ကို မိခင်ဖြစ်သူက မြင်တွေ့ပြီး မေးမြန်းကြည့်ခဲ့ချိန်မှာတော့ ‘ ကျွန်တော် ဓာတ်မတည့်တာ ဖြစ်နေတာ ‘ ဆိုပြီး ပြန်ပြောခဲ့ပါတယ် ။ ဒါကြောင့် မိခင်ကလည်း ဘာနဲ့ဓာတ်မတည့်တာလည်းဆိုပြီး မေးခဲ့ချိန်မှာတော့ ‘ကျွန်တော် အိမ်စာ အနံ့နဲ့ဓာတ်မတည့်ဖြစ်နေတာ ‘ ဆိုပြီး ဖြေကြားခဲ့လို့ မိခင်ဖြစ်သူက သားဖြစ်သူရဲ့ အစီအစဉ်ကို ရိပ်မိခဲ့ပေမဲ့လည်း ယုံကြည်သွားသလို ဟန်ဆောင်ပေးခဲ့ပါတယ် ။

.

သားဖြစ်သူကလည်း ဆက်ဟန်ဆောင်နေပြီး တစ်သျူးတွေနဲ့ နှာခေါင်းကိုသုတ်ကာ မျက်ရည်တွေလည်း တဖြည်းဖြည်းကျလာခဲ့ပါတော့တယ် ။ သို့ပေမဲ့လည်း မိခင်ဖြစ်သူက သားကို ဆေးရုံသို့သွားပြီး စစ်ဆေးမှုခံယူဖို့ ပြောခဲ့ချိန်မှာတော့ သားဖြစ်သူက ချက်ချင်းငြင်းဆန်ခဲ့ပြီး ဆက်ပြီး သရုပ်ဆောင်နေခဲ့တာပါ ။ ဒါကြောင့် မိခင်ဖြစ်သူကလည်း စိတ်မရှည်တော့ဘဲ ‘ သရုပ်ဆောင်တာ ရပ်လိုက်တော့ ၊ နင့်ရဲ့ဘောပင်ကို ကောက်ကိုင်ပြီး အခုချက်ချင်း အိမ်စာလုပ်တော့ ၊ လွန်ခဲ့တဲ့ 5 နှစ်ကတည်းက နင်ဘာလို့ ဓာတ်မတည့်တာ မဖြစ်တာလဲ ၊ ဒီနှစ်မှဘာလို့ ရောဂါလက္ခဏာက ရုတ်တရက်ပေါ်လာရတာလည်း ‘ ဆိုပြီး ဆူငေါက်ခဲ့ချိန်မှာတော့ သားဖြစ်သူက ‘ ဘာလို့ဆို အခုမှ ရောဂါပိုးမွှားတွေ ပေါက်ဖွားလာတဲ့ အချိန်အတောအတွင်းမို့ပါ ‘ ဆိုပြီး ပြန်ဖြေခဲ့ပါတော့တယ် ။

.

အဆိုပါအဖြစ်ကို မိခင်ဖြစ်သူက online ပေါ် ဝေမျှခဲ့ချိန်မှာတော့ ရောဂါပိုးပေါက်ဖွားတဲ့အချိန်ကလည်း ကြာလိုက်တာ 5 နှစ်ကြီးများတောင်ဆိုပြီး မှတ်ချက်ပေးကြသူတွေရှိတဲ့အပြင် အချို့ကလည်း သားဖြစ်သူကို သရုပ်ဆောင်ကျောင်းကိုသာ ပို့လိုက်ဖို့ ရယ်မောစွာ မှတ်ချက်ပေးရေးသားခဲ့ကြပါတော့တယ် ။

Jasmine (NIKHIT)

About the author

admin

Leave a Comment